ညီမလေးအတွက်
ဘလော့ဂါတွေ နဲ့လည်း တော်တော်လေး ရင်းနှီး နေပြီဖြစ်တဲ့ ကျွန်မရဲ့ ညီမငယ်လေး ဒိုဒီရဲ့ (21) မြောက်မွေးနေ့ပါ။ ညီမလေးရေ မမျှော်လင့်ဘဲ ကြုံတွေ့လာရပြီး သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့ခံခဲ့ရတယ်။ မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေလည်း မျှော်လင့်တာတွေ ဖြစ်မလာတဲ့အခါ တိတ်တဆိတ် ကြေကွဲတတ်ကြတယ်။ ၀င်သက် ထွက်သက်ကို သိရှိနေဆဲ ခဏတာမှာ အသက်ရှင်နေထိုင်ခြင်းကို အမှတ်ရလာတတ်တယ်။ လောကရဲ့ ဓမ္မတာလို့ ပြောနေကြတဲ့ ပူပင်သောက၊ ၀မ်နည်း စိုးရွံ့ခြင်းဆိုတာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တယ်။ စိတ်ပျက် အားငယ်မှုတွေ ကြုံတိုင်း သံယောဇဉ်နဲ့ ဖေးမမယ့် အနီးကပ်ဆုံး လူတစ်ချို့ရှိနေတယ် ဆိုတာ သတိရလိုက်ပါ။ လူတွေနဲ့ ဆက်ဆံရတဲ့ လူ့လောကမှာ လူအမျိုးမျိုးနဲ့ သဟဇာတ ဖြစ်အောင် ကြိုးစားနေထိုင်နေရတယ်။ ဟန်ဆောင် မျက်နှာဖုံးနဲ့ အပြုံးတုတွေ ဆင်မြန်းထားတဲ့ လူတွေရှိသလို၊ မာယာတွေသုံး ပလီပလာ စကားလုံးနဲ့ စိတ်ဓါတ်ကို အောက်ဆုံးထိ ရောက်အောင် ဆွဲချတတ်တဲ့ လူတွေလဲ ရှိနေပြန်ရော။ အမှန်ကို အမှားလုပ်၊ အမှားကို အမှန်လို့ ပြောနေတတ်ပြီး ကိုယ်ကိုယ်တိုင်က အမှန်နဲ့ အမှားရဲ့ အနှစ်သာရကို ခွဲခြားမသိတဲ့ လူတွေကလဲ ထုနဲ့ဒေးပါပဲ။ ဒါတွေပဲ ကြုံတွေ့နေရလို့ ကိုယ့်ဘ၀ကြီးဟာ အဓိပ္ပါယ်တွေ ကင်းမဲ့နေတယ်လို့ မထင်လိုက်ပါနဲ့နော်။ ဘ၀ ကျောင်းတော်ကြီးရဲ့ သင်ခန်းစာ တစ်စိတ်တစ်ပိုင်းဟာ စိတ်ဓါတ် ဖွံ့ဖြိုး ကြံ့ခိုင်ဖို့ သင်ကြားပေးနေတာပါ။ ဒီလိုတွေ ပြောနေလို့ ညီမလေးရဲ့ အစ်မတော်က ရင့်ကျင့်မှုတွေနဲ့ ပြည့်စုံနေပြီ မထင်လိုက်နဲ့။ အခုချိန်ထိ မမြင်နိုင်တဲ့ နေရာကရော မြင်နေရတဲ့နေရာကပါ မသိမသာပဲဖြစ်ဖြစ် သိသိသာသာပဲဖြစ်ဖြစ် ထိုးနှက်မှု ပေါင်းစုံကို ခံယူရင်း ဘ၀ရဲ့ ခရီးတစ်ခုကို ဆက်လျှောက်နေဆဲပါ။ ညီမလေးက ဖြူစင်တယ်၊ ပွင့်လင်းတယ်၊ သံယောဇဉ်ကြီးတတ်တယ်။ တစ်ခါတစ်လေမှာ ကိုယ့်ဖြူစင်မှုကို အရောင်ဆိုးမယ့် လူတွေနဲ့ ကြုံလာရင်လဲ ရင်ဆိုင်နိုင်ပါစေနော်။ ပွင့်ပွင့်လင်းလင်းနဲ့ ခင်မင်တတ်တဲ့ ကိုယ့်ရဲ့ ခင်မင်မှုကို အသုံးချလာမယ်ဆိုရင်လဲ ခွင့်လွှတ်တတ်ခြင်းနဲ့ အနိုင်ယူနိုင်ပါစေ။ သံယောဇဉ်ကြီးမိတဲ့ ကိုယ့်ရဲ့ စိတ်ရင်းကိုတော့ တန်တယ် မတန်ဘူးလို့ သဘောမထားဘဲ ကိုယ့်ရဲ့သံယောဇဉ်ကို တကယ် တန်ဖိုးထားတတ်တဲ့ လူတွေနဲ့ ကြုံဆုံနိုင်ပါစေ။ မာယာများတဲ့ လောကရဲ့ အလှည့်အပြောင်း များစွာကို တည်တည်ငြိမ်ငြိမ်နဲ့ ခပ်ပြုံးပြုံးလေး ရင်ဆိုင်ကြည့်ဖို့ ကြိုးစားစေချင်တယ်။ စိတ်ထဲမှာ တင်းကျပ်တာတွေ များလာရင် မျိုသိပ်မထားပါနဲ့။ နွေးထွေးတဲ့ ရင်ခွင်နဲ့ ကြင်နာတတ်တဲ့ လက်တစ်စုံ ဘေးနားမှာ ရှိနေတယ်ဆိုတာ သတိရလိုက်ပါ။ ညီမလေးအတွက် ဆိုရင် လိုအပ်တဲ့ အချိန်တိုင်းမှာ အမြဲ တံခါး ဖွင့်ထားပေးတယ်နော်။ ဘာမှမတော်စပ်တဲ့ လူနှစ်ယောက်မှာ အခိုင်အမာ ချည်ထားတဲ့ ကြိုးတစ်ချောင်းကတော့ သံယောဇဉ်ကြိုး ပဲပေါ့။ ဒီကြိုးလေး တစ်ချောင်း ဘယ်တော့မှ မပြတ်ကျစေချင်ဘူး။ ဘယ်အမှောင့် ပယောဂ တစ်စုံတစ်ရာရဲ့ စွက်ဖက်မှုကြောင့်လဲ ကြိုးလေး တစ်ဖြည်းဖြည်း ဆွေးပြီးနဲ့လာမှာကို မလိုချင်တာ အမှန်ပဲ။ ဘာမှ အစိုးမရတဲ့ လောကကြီးမှာ တတ်နိုင်တ်ာတစ်ခုကတော့ ဆုတောင်းပေးရုံပေါ့။ ဆုတောင်းတိုင်းသာ အားလုံး ပြည်စုံမယ် ဆိုရင်လဲ လူတိုင်း လိုအပ်ချက်တွေ ပြည့်ဝလို့ ရနေတဲ့ အရာတွေ အပေါ်မှာ တန်ဖိုး ထားတတ်တော့မယ် မထင်ဘူး။ အတိတ်ကို တူးဆွမိတဲ့ အချိန်တိုင်းမှာလဲ ပျော်ရွှင်မှုတွေ ရှိနေသလို နာကျင်ခံစားရတာတွေလဲ တွဲပါလာမှာပဲ။ အခုလက်ရှိ နေထိုင်တဲ့ အချိန်လေးကို တန်ဖိုးထားလို့ မနက်ဖြန်မှာ လုပ်မယ့် အလုပ်တွေ အတွက် အကောင်းဆုံးသော အရာနဲ့ တန်ဆာဆင်နိုင်ပါစေ။ ညီမလေး တစ်ယောက်လို ချစ်တယ်။ အစ်မတစ်ယောက်လို အမြဲတမ်း လေးလေးစားစားနဲ့ အလိုလိုက်ပေးတဲ့ ချစ်ညီမလေးကို ကျေးဇူးတင်တယ်နော်။
hApPy BiRtHdAy!!!!!!!!!!!!!!!!!!!!!!! My little sissssss
ခေးရော့စ်
Tuesday, December 23, 2008 | Labels: ဟိုဟိုဒီဒီ | 2 Comments
သူငယ်ချင်းတစ်ယောက်အတွက်
ဘ၀ရဲ့ တစ်ကွေ့မှာ
မမျှော်လင့်ဘဲ ဆုံလာကြတယ်။
အခြေအနေပေးလို့
ငါတို့တွေ ပျော်ရွှင်ဖူးသလို
အခြေအနေ မပေးတော့လဲ
ငါတို့တွေ တိုးတိတ်စွာ
သက်ပြင်းရှိုက်မိကြတယ်နော်။
ဘ၀ရဲ့ စာမျက်နှာတစ်ချို့ထဲမှာ
သူငယ်ချင်းဆိုတဲ့ စာမျက်နှာက
အရေးပါ အရာရောက်လို့
အတိုင်းအတာတစ်ခုကို
ခရီးပေါက်ခဲ့ကြတယ်နော်။
နင့်ဘ၀နဲ့နင်
ငါ့ဘ၀နဲ့ ငါဆိုပေမယ့်
အတွေး အမြင်
အကောင်းအဆိုးတွေနဲ့
စိတ်ရဲ့ အာဟာရတစ်ခုအနေနဲ့
သူငယ်ချင်းဆိုတာ
နှလုံးသားရဲ့ ထောင့်တစ်နေရာမှာ
အမြဲတည်ရှိနေမှာပါ။
ဟက်ပီး ဘတ်ဒေး KC ရေ။ နင့်ဘ၀၊ နင့်ဆန္ဒနဲ့ နင့်အိမ်မက်တွေ နင်လိုသလို ပုံဖော် ထုဆစ်နိုင်ပါစေ...
ပျော်ရွှင်စရာ မွေးနေ့လေးအဖြစ် အထီးကျန်ဆန်စွာ မဆင်နွှဲရအောင် ငါကြိုဆုတောင်းထားပေးတယ်နော်။ ဟဲဟဲဟဲ
Thursday, November 27, 2008 | Labels: ဟိုဟိုဒီဒီ | 7 Comments
ဖတ်မိတာလေးတွေ
- "ဘ၀ကို မကျေနပ်တဲ့လူတွေ ကံကို ပုံချတယ်။ ကံကို မကျေနပ်တဲ့လူတွေ ဘ၀ကို ပုံချတယ်။"
- "ကိုယ့်နေရာမှာ ကိုယ်နေချင်တဲ့ လူထက် သူများနေရာမှာ နေချင်တဲ့လူ အမြဲတမ်း ပိုများတယ်။"
- "လုပ်မိတဲ့ အမှားတွေရဲ့ အရေအတွက်က အရည်အသွေး အဖြစ်ကို ပြောင်းလာရင် အဲ့ဒါ ဘ၀အတွေ့အကြုံပဲ။ "
- "အချစ်ဟာ တယ်လီစကုပ်နဲ့ ကြည့်တယ်။ မနာလိုစိတ်က မိုက်ကရိုစကုပ်နဲ့ ကြည့်တယ်။"
- "ကြင်နာမှု ဆိုတာ နားထိုင်းသူ ကြားရပြီး မျက်စိကန်းသူ မြင်နိုင်တဲ့ အရာ။"
- "ကိုယ်မှားတဲ့အခါ မှားကြောင်း ၀န်ခံရင် အဲ့ဒီလူဟာ ပညာရှိ...အဲ....မှန်နေပေမယ့် မှားကြောင်းဝန်ခံနေရင်တော့ အဲ့ဒီလူဟာ မိန်းမရှိတဲ့ လူဖြစ်ရမယ်။ :)"
- "အထက်လူကြီးကို သူနဲ့ ပတ်သက်ပြီး ခင်ဗျား စိတ်ထဲရှိတာ မှန်သမျှ ပြောရဲတယ်ဆိုရင် အလုပ်သစ်တစ်ခုကို ခင်ဗျားရှာတွေ့ထားလို့ပဲဖြစ်ရမယ်"( ခေးရော့စ်တော့ ရှာမတွေ့ပဲ ပြောနေတယ်။ အလုပ်ပြုတ်မယ့်ကိန်းမြင်ရင် အလုပ်သစ်လေးများ မစကြပါဦးနော့။ :) )
- "သေတဲ့ အထိချစ်မယ်လို့ ကတိပေးထားရင် စောမသေသင့်ပါဘူး။"
- "အားလုံးကို နားလည်သွားတဲ့လူ ဘာကိုမှ မယုံတော့ဘူး။"
- "ချီးမွမ်းတာခံရတော့ နေမထိထိုင်မသာဖြစ်ရတယ်။ ချီးမွမ်းတာနဲ့ ညီအောင် နေရတာကိုး။"
- "ရေးသလိုနေ၊ နေသလိုရေး။"
- "ရှိရှိသမျှ အခွင့်အရေးတွေထဲမှာ မှားခွင့်ဟာ လက်လှမ်းအမှီဆုံးပဲ။"
- "လူရှိတယ်။ ပြသနာရှိတယ်။ လူမရှိဘူးနော်။ ပြသနာ မရှိတော့ဘူး။"
- "ငွေရှိရင် ဘာမဆို လုပ်လို့ရတယ်လို့ ယူဆတဲ့လူတွေ ငွေအတွက်ဆိုရင် ဘာမဆိုလုပ်ဖို့ ၀န်မလေးတဲ့သူ ဖြစ်နေတယ်။"
- "ချစ်မိပြီဆိုရင် ဘာကိုမှ မစဉ်းစားတော့ဘူး။ စဉ်းစားလာပြီဆိုရင် မချစ်တော့ဘူး။"
Monday, October 27, 2008 | Labels: ဟိုဟိုဒီဒီ | 9 Comments
ပိုင်လိုက်တဲ့ အကြံ
တစ်ခါက ကောင်လေး တစ်ယောက်က ကောင်မလေး တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်မိပါတယ်။ ခက်တာက ကောင်မလေး အဖေက လူကြီးတို့သဘာဝ လုံးဝကို သဘောမတူဘူးပေါ့။ ဒါနဲ့ ကောင်လေးက ကောင်မလေးဆီကို စာတစ်စောင်ပို့လိုက်တယ်။ ကောင်မလေး အဖေကနေတစ်ဆင့်ပေါ့။ ဘယ်လိုစာမျိုး ပို့လိုက်တယ် ဆိုတာ သိချင်ပါသလား။ ဟုတ်ကဲ့ အောက်က စာလေးဖတ်ကြည့်လိုက်နော်။
"The great love that I have for you
is gone, and I find my dislike for you
grows every day. When I see you,
I do not even like your face,
the one thing that I want to do is to
look at other girls. I never wanted to
marry you. Our last, conversation
was very boring and has not
made me look forward to seeing you again.
You think only of yourself.
If we were married, I know that I would find
life very difficult, and I would have no
pleasure in living with you. I have a heart
to give, but it is not sth that
I want to give to you. No one is more
foolish and selfish than you, and you are not
able to care for me and help me.
I sincerely want you to understand that
I speak the truth. You will do me a favor
if you think this is the end. Do not try
to answer this. Your letters are full of
things that do not interest me. You have no
true love for me. Good-bye! Believe me,
I do not care for you. Please do not think that
I am still your boyfriend."
စာလဲဖတ်ပြီးရော အဖေက သမီးကို ပေးလိုက်တယ်။ ကောင်မလေးက တအားပျော်သွားလေရဲ့။ ဘာဖြစ်လို့ပါလိမ့်လို့ စဉ်းစားနေပြီဟုတ်။ အခုဒီစာကို ဖတ်ပြီးတဲ့ လူတွေထင်နေတာက ကောင်လေးက ကောင်မလေးအပေါ်ရက်စက်သွားပြီပေါ့။ အဲ့လို ထင်ရင် လွဲပါတယ်။ တက်တက်စင်အောင်လွဲပါတယ်။ ဘာလို့လဲသိလား။ ကောင်လေးက ဥာဏ်တအားကောင်းပ။ အခု အပေါ်ကစာကို သေချာပြန်ဖတ်ကြည့်နော်။ ဒီတစ်ကြိမ်ဖတ်တဲ့အခါကျရင် ပထမဆုံးတစ်ကြောင်းက စဖတ်။ ပြီးရင် တစ်ကြောင်းစီကျော်ဖတ်ကြည့်။ ကောင်မလေး ဘာလို့ပျော်သွားလဲ သိလာလိမ့်မယ်။ :P
ကဲကဲ အိမ်က သဘောမတူလို့ စာတွေပေးမယ်ဆိုရင် ကောင်လေးလို ဥာဏ်ကိုလွှာသုံးပြီး မိဘတွေကို မျက်လှည့်ပြလိုက်ရအောင်။ အောင်မလေးနော်။ အဖေများ ဒီစာကို မြင်ရင် သမီးမိုက် နင်တော့လား။ ဒီလိုဥာဏ်နီ၊ ဥာဏ်နက်၊ ဥာဏ်ဝါ၊ ဥာဏ်စိမ်းတွေ အကုန်ထွက်တယ်ဆိုပြီး ကြိမ်းမောင်းနေမှာ မြင်ယောင်သေး။ တိတ်တိတ်နေနော်။ ခေးရော့စ်က အချစ်ကဗျာတွေ။ အလွမ်းစာတွေ ခံစားပြီးသာ ရေးနေတာ။ ဖေဖေက သိသေးဝူး။ တိုင်ပြောနဲ့နော်။ ကျေးဇူးဆပ်မယ်။ အဟတ်
ခေးရော့စ်
Friday, October 24, 2008 | Labels: ဟိုဟိုဒီဒီ | 7 Comments
အင်္ဂလိပ်စာ လေ့လာလိုသူများအတွက်
စိတ်ဝင်စားသူအားလုံး ဒီ လင့်လေးကို နှိပ်ပြီး သွားရောက်ဖတ်ရှု၊ ဝေဖန် အကြံပြုနိုင်ပါတယ်။
Wednesday, October 15, 2008 | Labels: ဟိုဟိုဒီဒီ | 4 Comments
ဘာရယ်မဟုတ်............
ခေးရော့စ်
Thursday, October 09, 2008 | Labels: ဟိုဟိုဒီဒီ | 6 Comments
ကြော်ငြာဝင်မလို့
ကျွန်မရဲ့ ညီမငယ်လေး တစ်ယောက် ဘလော့စရေးနေပြီလေ။
dodi.myanmarbloggers.org တဲ့။
Tuesday, September 30, 2008 | Labels: ဟိုဟိုဒီဒီ | 0 Comments
သေခါနီး ဆယ်ရက်အလို chaos ၏ ကယောင်ကတမ်း ဖွင့်ဟချက်များ
သေရမယ်ဆိုတာကို မေ့ချင်ယောင်ဆောင်နေခဲ့တယ်။
မနက်ဖြန်များစွာကို
လက်ချိုးရေတွက်လို့ ပေါ့ပါးနေတာပဲ။
……………………………………
………………………………………….
……………………………………………………
…………………………………………………………….
ခဏလောက်ဖြစ်ဖြစ်ပါ။
ဟင့်အင်း……
လာမခေါ်နဲ့ဦး
အဆင်သင့်မဖြစ်သေးဘူး။
ဘယ်ချိန်မှ ဖြစ်မယ်ဆိုတာ မမေးနဲ့
ငါ…ဖြေစရာ စကားမရှိဘူး။
ဆယ်ရက်တဲ့ ……
နည်းလိုက်တာ။
နေ့စွဲတွေက တွန်းတိုက်လို့
နေ့သစ်ကို ကူးပြောင်းဖို့ အားယူနေတယ်။
နာရီတွေကလဲ
တစ်ချက်ချက်နဲ့
အချိန်မှန်လည်ပတ်ရင်း
အောင်နိုင်သူတစ်ဦးရဲ့
အပြုံးမျက်နှာနဲ့
ငါ့ကို လှောင်ရယ်နေကြတယ်။
ဒီလိုနဲ့ ဘာလုပ်ရင်ကောင်းမလဲ။
ဘာဆက်လုပ်ရမလဲ ?
တွေးရင်း….ရက်တွေကုန်လွန်ကုန်ပြီ။
အချိန်သိပ်မရှိတော့ဘူး။
ပထမဆုံး သတိရမိတာက ဘုရားသခင်ကိုပေါ့။
ဟုတ်တယ်……
ငါ…ဘုရားရှိခိုးရင်းနဲ့ တရားရိပ်မှာ အေးချမ်းမှုကိုရှာရမယ်။
သံယောဇဉ် အပူမီးတွေနဲ့ လောင်မြှိုက်နေလို့ အသိဥာဏ်တွေ ချိနဲ့ကုန်တာ။
သေစမ်း…. ဟင့်အင်း….
ဘာလို့ ဒီအချိန်မှာမှ ဒီဝေါဟာရကြီးက ငါ့အတွက် ခါးသီးနေတာလဲ။
မပြောနဲ့ အဲ့ဒီ သေစကားတွေ။
ဟား…….နောက်ဆုံးချိန်ထိ ငါ တရားမရသေးဘူးပဲ။
မကြည့်နဲ့
အဲ့လိုမျက်လုံးတွေနဲ့
သနားစရာမလိုဘူးလေ။
ဒီလမ်းဟာ အားလုံးအတွက်
ဖောက်ထားတာ။
တစ်နေ့ကျရင်
ပုံစံမျိုးစုံနဲ့ မတူညီနဲ့နေရာစုံက
အတူတူ လျှောက်ရမှာပဲ။
မျက်ခွံတွေလေးလာပြီ။
အင်း………..
ငါ မလိုချင်တဲ့ အချိန်တစ်ခု
အရှေ့မှာ ငုတ်တုတ်ရောက်နေပြီ။
သွားရတော့မယ်။
မျက်စိဖွင့်မရတော့ဘူး။
မငိုနဲ့လေ။
မငိုနဲ့……
ငါနောက်ဆံမတင်းချင်ဘူး။
အသံတွေ မကြားရတော့ပါလား…..
အိုး………….
ငါကိုယ်တိုင်ရဲ့
ငါ့ရုပ်ကလာပ် ရှေ့မှာ လှဲလျောင်းနေပါလား…
ဒါဆို…ငါ………
Sunday, September 14, 2008 | Labels: ဟိုဟိုဒီဒီ | 10 Comments
ခေးရော့စ်ဆိုတာ #$%*@#$
ကိုယ့်ရဲ့နာမည် ---------- chaos
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက-
အရောင်ဆိုရင် ---------- အဖြူ၊ အနီ၊ အနက်
အစားအစာဆိုရင် ---------- ကြက်ကောင်လုံးကြော်၊ ခေါက်ဆွဲပြုတ်၊ ထမင်းပေါင်း ဆက်ပြောရင် မကုန်တော့ဘူး။
ပစ္စည်းဆိုရင် ---------- ဖတ်လို့ကောင်းတဲ့ စာအုပ်။
သီချင်းဆိုရင် ---------- ဆူဆူညံညံတွေ နားထောင်တော့ လူများတွေက နားငြီးတယ်တဲ့။
စာရေးဆရာ ---------- တော်တော်များများကိုကြိုက်တယ်။
စာအုပ် ----------- တော်တော်များများဖတ်ဖြစ်တယ်။