Showing posts with label အတွေးစာစုများ. Show all posts
Showing posts with label အတွေးစာစုများ. Show all posts

အကောင်းမြင်ကြည့်မလား?

ဘ၀မှာ ကြုံတွေ့လာရတဲ့ အခက်အခဲ၊ ဒုက္ခတွေကို ပြုံးပြုံးလေးငေးပြီး အကောင်းမြင်ဖို့ ကြိုးစားကြည့်ဖူးလား? တကယ်တမ်းတော့ အပြောလွယ်ပြီး လက်တွေ့မှာ ရင်ဆိုင်ဖို့ အတော့်ကို ခက်ခဲပါတယ်။ ဘ၀ခရီး ရှည်ကြီး တစ်လျှောက်မှာ ဖြစ်ပျက်သမျှကို အမြဲတမ်း အကောင်းဆုံး ဖြစ်စေချင်တာကတော့ လူတိုင်းကိုယ်စီရဲ့ ဟိုးအနက်ရှိုင်းဆုံး ထောင့်တစ်နေရာက မျှော်လင့်ချက် တစ်စွန်းတစ်စလေးပေါ့။ တစ်ခါတစ်ရံမှာ အဲ့ဒီ မျှော်လင့်ချက် ရောင်ခြည်ပါးပါးလေးတောင်မှ ဆက်လက်ထားရှိဖို့ မဖြစ်နိုင်တော့လောက်အောင် စိတ်ဓါတ်ကျ၊ အားငယ်ပြီး အမှောင်ထဲမှာ လမ်းပျောက်တဲ့ အချိန်တွေလည်းရှိတယ်နော်။ တစ်ချို့တစ်ချို့သော လူတွေဟာ လောကဓံရဲ့ ထိုးနှက်မှုတွေကို "ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခြင်း" ဆိုတဲ့ ဘောင်တစ်ခုနဲ့ ခတ်ပြီး ပြဿနာ တစ်ခု ဇီဝိန်ချုပ်ဖို့ အားထုတ်ကြံစည်ကြတယ်။ ဒီလို လုပ်ရပ်တွေက ကိုယ့်ကိုချစ်တဲ့လူတွေ အမြောက်အမြားကို စိတ်ဒဏ်ရာ တွေဘယ်လောက်ထိပေးတယ်ဆိုတာ သူတို့မသိကြဘူး။ ဘ၀မှာ စိတ်ဆင်းရဲမှု၊ ပျော်ရွှင်မှုတွေဟာ မဖိတ်ခေါ်ဘဲ ရောက်လာကြတဲ့ ဧည့်သည်တွေလိုပါပဲ။ ၀တ်ကျေတန်းကျေတော့ မဟုတ်ဘူး။ အိမ်ရှင့် ၀တ္တရား ကျေပွန်အောင် ဧည့်ဝတ်ပြုလိုက်ချင်စမ်းပါဘိ။ ဘ၀ရဲ့နေ့သစ် စာမျက်နှာတွေထဲ ၀င်ရောက်လာမယ့် ဒေါသ၊ မောဟ၊ စိတ်ဖိစီးမှု၊ ဒုက္ခတွေကို မေတ္တာ၊ မျှော်လင့်ချက် လေးတွေနဲ့ တုန့်ပြန်တွန်းလှန် အနိုင်ယူကြည့်မယ်လေ။ တကယ်တမ်းတော့ အလေးအနက် စဉ်းစားကြည့်ရင် ကိုယ့်အနီးအနား ပတ်ဝန်းကျင်မှာ ကိုယ့်ကို ချစ်တဲ့လူ၊ ဂရုစိုက်တဲ့လူ၊ အကူအညီ အထောက်အပံ့ပေးမယ့်လူတွေ ရှိနေတာကို ကွင်းကွင်းကွက်ကွက် မြင်လာလိမ့်မယ်။ အဲ့ဒီလိုဆိုတော့လဲ ရင်ထဲမှာ နွေးသွားပြီး အနာဂတ်နေ့သစ်တွေ ထဲကို ရဲရဲဝံ့ဝံ့ တစ်လှမ်းခြင်း လျှောက်လှမ်းဖို့ အားအင်တွေ စိမ့်ဝင်လာသလိုပါပဲ...................

chaos

အနာဂတ်ဆိုတာ........

လူတိုင်းမှာ မျှော်လင့်ချက်၊ အနာဂတ်၊ ယုံကြည်မှုတွေ ရှိတယ်။ ဒါပေမယ့် ကျွန်မ စိတ်မကောင်းတာက သူတို့လေးတွေရဲ့ အနာဂတ် ပျောက်ဆုံးနေသလိုပါပဲ။ တခြားမဟုတ်ပါဘူး။ မြန်မာပြည် အနှံ့အပြားက လဘက်ရည်ဆိုင်၊ ထမင်းဆိုင်တွေ မှာ လုပ်ကိုင်စားသောက်နေတဲ့ ကလေးလေးတွေကို ပြောတာပါ။ လဘက်ရည်ဆိုင်ကို ကြိုက်တဲ့ကျွန်မ လဘက်ရည်ဆိုင် အမြဲထိုင်တယ်။ စားပွဲထိုးလေးတွေက လူမမည် စာသင်ဖို့ သင့်လျော်တဲ့ ကလေးငယ်လေးတွေပေါ့။ ကျွန်မတို့အားလုံးပျော်ရွှင်စွာနဲ့ အလာပသလာပပြော၊ အပန်းဖြေနေတဲ့ အချိန်မှာ သူတို့လေးတွေ ၀မ်းစာအတွက် ကျွန်မတို့မှာသမျှ အပြေးလေးလုပ်နေရတယ်။ တစ်ချို့ဆို သိပ်ငယ်လွန်းတယ်။ ဘယ်လိုပြောမလဲ ဘ၀ပေးကံပေါ့လေ။ ကံကိုပြင်လို့မရဘူးဆိုတဲ့ စကားကို ကျွန်မလက်ခံတယ်။ တကယ်တမ်း ကလေး အလုပ်သမားတွေ တိုင်းပြည်အနှံ့မှာ ပေါများနေတာ ဘယ်သူ့ကို ကျွန်မတို့ အပြစ်ပြောရမလဲ။ စာသင်ရမယ့် အရွယ်မှာ သူတို့လေးတွေ အနာဂတ်မဲ့ ဘ၀ထဲမှာ ဘ၀၀မ်းစာအတွက် အနာဂတ်ကို စတေးနေကြတယ်။ ပညာတတ်တွေ မှိုလိုပေါတယ်ဆိုတဲ့ ကျွန်မတို့တိုင်းပြည်ကြီးမှာ တကယ့် အတတ်ပညာတွေကိုရော ပိုင်ဆိုင်ထားကြရဲ့လား။ တစ်ဖက်မှာ ဘ၀ရဲ့ ၀မ်းရေးအတွက် အနာဂတ်ပျောက်နေချိန်မှာ လူချမ်းသာ မိသားစု ရဲ့ ရင်သွေးလေးတွေကတော့ သုံးဖြုန်းလို့ အနာဂတ်တွေ တောက်ပနေတယ်ဆိုပဲ။ လောကမာယာက ကြောက်စရာကောင်းလိုက်အောင် မျက်နှာလိုက်တယ်ရှင်။

chaos



ကျွန်မ......မသိဘူး

ကျွန်မကိုစကားကြောအနည်းငယ်ရှည်ခွင့်ပြုပါ။

ဒီလိုပါ.....computer ရှေ့မှာ မိုးလင်းမိုးချုပ် ထိုင်တဲ့ကျွန်မ၊ ထမင်းမေ့ဟင်မေ့နဲ့ အဆိုးဆုံး အပေါ့သွားဖို့တောင် သတိမရနဲ့ နေလာတာကြာပြီလေ။ နောက်ဆုံး လက်တစ်ဖက်လဲ တော်တော်နာခဲ့ပြီ။ ဆေးသောက် ဆေးလိမ်းနဲ့ သံသရာ လည်နေတာပေါ့။ မနေ့က ရုံးဆင်းချိန် (၅:၃၀) အဖေကလာကြိုတယ်။ blog တကာလျှောက်သွားရင်း ဆက် blog ချင်သေးတာနဲ့ အဖေ့ကို (၆) နာရီမှ ပြန်လာကြိုပေးဖို့ပြောတော့ အဖေက "သမီးကို အနှိပ်သည် အဒေါ်ကြီး နှိပ်ပေးမလို့ စောင့်နေတာကြာပြီ၊ အဲ့ဒါဆိုလဲ (၆)နာရီ အိမ်ပြန်ရောက်မှနှိပ်တော့"လို့ပြောပြီး ပြန်သွားတယ်။ (၆)နာရီထိုးလို့ အိမ်ပြန်ရောက်တဲ့အချိန် ကျွန်မ ဗိုက်သိပ်ဆာနေပြီ။ "ထမင်းစားတော့မယ်"ပြောတော့ ကျွန်မအဒေါ်က"ဒီအဒေါ်ကြီးက သမီးပြန်အလာ စောင့်နေတာ၊ ပြန်ရမှာလဲ ဝေးတယ်၊ ကလေးတွေလဲ အိမ်မှာ စောင့်နေတယ်"လို့ပြောတော့ ကျွန်မလဲ ထမင်းမစားတော့ပဲ အနှိပ်ခံလိုက်တယ်။ လက်နာတာ နဲနဲသက်သာရင်ရပြီပေါ့။ အဒေါ်ကြီးက တကယ့်ကို စိတ်ရှည်လက်ရှည် နှိပ်ပေးပါတယ်။ သူ့ရင်ထဲက အပူကို ဖုံးဖိရင်း စေတနာ အပြည့်နဲ့လုပ်ပေးရှာပါတယ်။ ထူးဆန်းတာက လက်နာမပျောက်ခင် ကျွန်မ ရင်ဘတ်အနာ တိုးလာပါရော။ သြော်. ငါကတော့ ဇိမ်နဲ့ အနှိပ်ခံနေတယ်။ သူ့ သားသမီးတွေက အမေပြန်အလာကို စောင့်နေတာလေ။ ဗိုက်တွေလဲ ဆာလှရောပေါ့။ သားအကြီးက ထမင်းအိုး တည်ပေးထားမယ် ပြောတယ်တဲ့။ မတော်တဆ အပူလောင်သွားရင် ဆိုတဲ့အတွေးက ကျွန်မကို ခြောက်ခြားလာစေတယ်။ ကျွန်မ ဗိုက်ဆာနေတာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။ ကျွန်မ ဘယ်လိုမှ ဆက်လက်ပြီး အနှိပ်ခံနိုင်တဲ့ အင်အားမရှိတော့ပါဘူး။ "ရပြီ...အန်တီ..သက်သာသွားပါပြီ" လို့ပြောပြီး အဖေကပဲ သူ့ကိုအိမ်ပြန်ပို့ပေးလိုက်တယ်၊ အိမ်ပြန်ရောက်မှ ဟင်းချက်ရမယ့် အဒေါ်ကြီး အဆင်ပြေအောင် ဟင်းတွေထည့်ပေး၊ ပိုက်ဆံပေးပေါ့။ ဒီနေ့ဒီခေတ်ထဲမှာ ထမင်းတစ်နပ်အတွက် ရုန်းကန်နေရတဲ့ သူတွေအများကြီးပါ။ ကျွန်မ တစ်ယောက်ကို တစ်ရက် ကူညီနိုင်မယ်။ ဒါပေမယ့် အယောက်ပေါင်းများစွာကို ကျွန်မ ဘယ်နှစ်ရက် ကူညီနိုင်မလဲ.............ဟင့်အင်း........ကျွန်မ မသိဘူး.......

chaos

သြော်.....အလှတရား


ကျွန်မတို့ အများစု သတ်မှတ်ထားတဲ့ အလှတရားက ဘာလဲ? ပြစ်မျိုးမှဲ့ထင် အလှပိုင်ရှင်ကို လှတယ်ပြောတာလား?............မဟုတ်သေးဘူး.... ဒါဆို......ကြေးရတတ် ပညာတတ်တစ်ယောက်ရဲ့ အရှိန်အ၀ါကသူ့ရဲ့အလှလား?........မဖြစ်နိုင်သေးဘူး........ ကဲ........သူ့ရဲ့ မျိုးရိုးဂုဏ်ရှိန်က သူ့အလှကို ကိုယ်စားပြုတဲ့ ပြယုဂ်လား?..........မထင်ပါဘူး.......... သို့သော်လဲ..............ကျွန်မတို့အများစုက ဒီပတ်ဝန်းကျင် ဒီနွံထဲမှာ ရုန်းကန်ရင်း၊ နစ်မွန်းရင်း၊ ရှင်သန်ရင်းနဲ့ပဲ ဘ၀ကို ဖြတ်သန်း နေကြတယ်။ဖြစ်ပျက်ပြောင်းလဲနေတဲ့ လောကကြီးမှာ ရုပ်ဝတ္ထုပစ္စည်းတွေပဲ ဖက်တွယ်ရင်း အဖိုးတန်တဲ့ ရတနာတစ်ပါး"ခင်မင်မှုသံယောဇဉ်"ဟာတည်မြဲခြင်းကို ဆောင်နေတယ်ဆိုတာ မေ့သလိုတောင်ဖြစ်လို့။ စစ်မှန်တဲ့ "True Friendship" ကရှားတယ် ....မများဘူး..... ရရင်လဲတစ်သက်စာပဲ..........
  • ဂရုစိုက်ခြင်း
  • နားလည်ခြင်း
  • စာနာခြင်း
  • ကူညီခြင်း
  • မေတ္တာထားခြင်း
  • ဂရုဏာထားခြင်း
  • သစ္စာရှိခြင်း
ဒိုးတူပေါင်းဖက်၊ အချစ်မပျက်တဲ့"သံယောဇဉ်ကြိုးမျှင်"တွေနဲ့မွမ်းမံထားတဲ့ အလှတစ်ပါးလေ........ ရိုးရှင်းလွန်းတဲ့ စကားအသုံးအနှုန်းတွေ "သတိရတယ်" "နေကောင်းအောင်နေနော်" "လာလည်ချင်တယ်" "ကျန်းမာရေးဂရုစိုက်အုံး" ဆိုတာလေးတွေနဲ့ သူငယ်ချင်းကို မှတ်မှတ်ရရပြောဖြစ်တာ..................... မအားတဲ့ကြားက သူငယ်ချင်းကို သတိတရ စာရေးမယ်၊ ဖုန်းဆက်မယ်... ကိုယ့်ရဲ့ဂရုစိုက်မှုကို သှူ့ဆီ ကူးစက်စေသလို ကိုယ့်ကိုလဲ သူဂရုစိုက်နေပါလား ဆိုတဲ့အတွေးနဲ့ ကျွန်မချစ်သော သူငယ်ချင်းများစွာအတွက်..........................ပြီးတော................msg တစ်ကြောင်းပဲဖြစ်ဖြစ်၊ အားပေးစကား တစ်ခွန်းပဲဖြစ်ဖြစ်၊ ဝေဖန်စာလုံးလေးပဲဖြစ်ဖြစ် ကျွန်မသူငယ်ချင်း တွေဆီကဆိုရင် ကျွန်မရဲ့အားဆေးတစ်ခွက်ပါ။ ဒီအလှတရားလေး မပျောက်ပျက်ဖို့၊ ရေရှည်တည်တန့်ဖို့ ကျွန်မတို့အားလုံး တာဝန်ရှိတယ်နော်..................

chaos

ဒါတွေ........ဒါတွေ...........


  • "မလုပ်နိုင်ဘူး" "မဖြစ်နိုင်ဘူး" လို့မပြောခင်... ဖြစ်အောင် ကြိုးစားပြီးပြီလား?
  • သံသယ အစိုင်အခဲတွေ ကိုယ့်ကို မရပ်တန့် နိုင်အောင် အဖြစ်မှန်ကို ကျိုးကြောင်းဆင်ခြင် သုံးသပ်ကြည့် ပြီးပြီလား?
  • အခြေအနေ အရပ်အရပ်တွေက ဘယ်လိုပဲ မဖြစ်နိုင်ဘူး ပြောနေပစေ။ အဖြစ်နိုင်ဆုံး reason တစ်ခုနဲ့ဖြစ်အောင် လုပ်ရမှာပဲ.....
  • အရှုံးသာ ရှိနေမယ်လို့ သိထားလဲ အနိုင်ရရမယ် ဆိုတဲ့ ယုံကြည်မှုနဲ့ ရှေ့ကို ဆက်တက်မယ်....
  • ကြောက်လွန်းလို့ နောက်မဆုတ်မိခင် ယုံကြည်မှု၊ ဇွဲနဲ့ တွန်းလှန်ရင်း အောင်မြင်မှု ပန်းတိုင်သို့....
  • လူတွေအားလုံးဟာ ကိုယ့်ထက်သာနေပါလားလို့ တွေးနေမယ့်အစား။ ကြိုးစားမှုလက်နက်နဲ့ အနိုင်သရဖူကိုယ်ပိုင်ရမယ်လို့ လက်ခံထားသင့်တယ်နော်....
  • လမ်းဆုံးသွားတယ် ဆိုတာမရှိဘူး... ဆက်သွားရင် မတွေ့နိုင်ဘူးလို့ ဘယ်သူပြောလဲ?
  • အနည်းအကျဉ်းကိုပဲ ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်.... အဲ့ဒါတွေက အရေးကြီးတာတွေပဲ ဖြစ်သင့်တာပေါ့...

"?" ပေါင်းများစွာနဲ့ ကျွန်မ......chaotic world... ထဲမှာ....chaos....... ဖြစ်နေတယ်.........

chaos

ပြန်စဉ်းစားကြည့်တော့လဲ

ကိုယ့်ကိုယ်ကို အရာအားလုံး ပိုင်ဆိုင်ရမယ် ဆိုပြီး မလှည့်စားလေနဲ့..
လူတစ်ဦးတစ်ယောက်မှာ အလုံးစုံသော ပြည့်စုံခြင်း ဟာရှားလှပါတယ်
အံ့အားသင့်စရာ ကောင်းတဲ့ လူတွေရဲ့ စွမ်းဆောင်ချက်ကတော့ အာကာသ တစ်ခွင်ကို ခြေဆန့်နိုင်ခဲ့ခြင်းပါပဲ.. ဒါပေမယ့်နော်...... "ရလေလိုလေအိုတစ္ဆေ"ဆိုတဲ့ အတိုင်း
ကျွန်မတို့ အားလုံးက လိုအင်ဆန္ဒကို အတောမသတ်နိုင်ကြပါလား.....

chaos

စကားပုံများ (၁)

ကျွန်မဖတ်ဘူးသမျှ၊ သိသမျှ စကားပုံ တစ်ချို့ကို ဘာသာပြန်ထားတာပါ............

"You were born to win, to be a winner you must plan to win, prepare to win and expect to win."
ကျွန်မတို့မွေးဖွားလာတာ မတူညီတဲ့ ပစ်မှတ်တွေကို အနိုင်ရဖို့ပါ။ ဒါပေမဲ့ အနိုင်ရသူ တစ်ယောက်ဖြစ်ဖို့ ကြိုတင်စီမံချက် ရှိရမယ်၊ ပြင်ဆင်မှု လိုအပ်သလို အောင်မြင်ရမယ်လို့ ယုံကြည်မျှော်လင့်တဲ့ စိတ်ဓါတ်ကလဲ အရေးကြီးပါတယ်။

"A great pleasure in life is doing what people say you cannot do."
လူတွေက ကိုယ့်ကိုမလုပ်နိုင်ဘူး ပြောတဲ့အလုပ်ကို ဖြစ်အောင်လုပ်နိုင်တာ ဘ၀ရဲ့ကြီးမားတဲ့ ပျော်ရွှင်မှု တစ်ခုပေါ့။

"Failure is the opportunity to begin again more intelligently."
ရှုံးနိမ့်ခြင်းဟာ ကျွန်မတို့နောက်တစ်ကြိမ် လိမ္မာပါးနပ်စွာ ပြန်စနိုင်တဲ့အခွင့်အရးတစ်ခုပါ။

"Whenever you are confronted with an opponent. Conquer him with love."
ပြိုင်ဘက်တစ်ယောက်ကိုရင်ဆိုင်တွေ့ချိန်တိုင်း ချစ်ခြင်းမေတ္တာလက်နက်နဲ့ သူ့ကိုအနိုင်ယူလိုက်ကြရအောင်။

"You are the creator of your life, the author of you own life story."
ကျွန်မတို့အားလုံးဟာ ကိုယ့်ဘ၀ရဲ့ဖန်တီးရှင်၊ကိုယ့်သမိုင်းကိုယ်ရေးကြမယ့် ကလောင်ရှင်တွေလေ။

"Some men succeed by what they know, some by what they do, and a few by what they are."
လူတစ်ချို့အောင်မြင်တာ သိသင့်သိထိုက်တဲ့အရာတွေကိုသိလို့၊ တစ်ချို့ကတော့ လုပ်သင့်တာလုပ်လို့၊ ဒါပေမယ့်
အနည်းစုကတော့ တကယ့်ကိုပဲ အရည်အချင်းရှိလို့ပါ။

"A rumor goes in one ear and out many mouths."
ကောလဟာလသတင်းဟာ ၀င်တော့နားတစ်ဖက်ထဲပဲ ဒါပေမယ့် ပါးစပ်ပေါက်ပေါင်းများစွာကနေ ပြန်ထွက်လာကြတယ်................

"Beware of a silent dog and still water."
တိတ်ဆိတ်နေတဲ့ ခွေးတစ်ကောင်နဲ့ ငြိမ်သက်နေတဲ့ ရေပြင်ကို သတိထား၊ ရေငုံ
နှုတ်ပိတ်နေတဲ့ လူတစ်ယောက်ရဲ့ အကြံအစည်ကို ဘယ်သူမှမသိနိုင်ဘူးနော်။

"Experience is a comb which nature gives to men they are old."
အတွေ့အကြုံဟာ သဘာဝကပေးတဲ့
ခေါင်းဘီးတစ်လက်နဲ့တူတယ်၊ ဘာလို့လဲဆိုတော့ လူတွေအသက်ကြီးတဲ့အခါ ဖြီးလို့ရအောင်တဲ့...........................

"If you read everything you read, better not read."
ဖတ်သမျှတိုင်းကို ယုံနေမယ်ဆိုရင်မဖတ်တာကမှ ကောင်းဦးမယ်တဲ့။

"To talk without thinking is to shoot without aiming."
မစဉ်းစားမဆင်ခြင်ဘဲပြောတာ ပစ်မှတ်ကိုမချိန်ဘဲပစ်လိုက်တာနဲ့တူတယ်။

chaos

အားလုံးကိုကျေးဇူး

နေ့သစ်တစ်ခုကိုဖြတ်သန်းဖို့

ခွန်အားလိုတယ်

ဘ၀တစ်ခု ရွေ့လျားဖို့

ကျွန်မ လိုအပ်တာက

သူငယ်ချင်းများပါ................

ကျွန်မအကြောင်းနဲနဲပြောမလို့

My Photo
chaos
ကျွန်မက computer နဲ့ဘွဲ့ရပြီး၊ အင်္ဂလိပ်စာ သင်ပေးနေတယ်။ ကျွန်မစာဖတ်တာ၊ သီချင်းနားထောင်တာ၊ ဘလော့ရတာ၊ ဂစ်တာတီးရတာ ကြိုက်တယ်။ ကျွန်မက သာမာန်ထက် မထူးခြားတဲ့ အညတရ မိန်းကလေး တစ်ယောက်ပါ။ တစ်ခုတော့ရှိတယ်......... ကျွန်မ သရဲ အရမ်းကြောက်တတ်တယ်.............
View my complete profile

ပေါက်ကွဲမှုသံစဉ်များ


အားပေးသူများ

web counter